အပေါ်ယံသွားကြွေလွှာကို ပါးလာစေနိုင်တဲ့ အကြောင်းရင်းတွေ
အပေါ်ယံကြွေလွှာ (Enamel) ဆိုတာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒီလို အပေါ်ယံကြွေလွှာတွေ ပါးလာတဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့
- သွားပိုးပေါက်တွေ ဖြစ်လာမယ်
- သွားတွေ ဆွေးမြေ့ပျက်စီးလာမယ်
- သွားပတ်လည်မှာ ဘက်တီးရီးယားပိုးတွေ ပိုများလာပြီး ရောဂါဖြစ်လွယ်မယ်
- ခံတွင်းအနံ့ဆိုးတွေ ပိုထွက်လာမယ်
- သွားအရောင်ပြောင်းပြီး အရောင်ညိုညစ်လာနိုင်ပါတယ်
ဒါဆို ဘယ်လိုအချက်တွေကို သွားကြွေလွှာကို ပါးသွားစေနိုင်လဲ
၁။ အစားအသောက်
သကြားဓာတ်၊ အက်စစ်ဓာတ်များတဲ့ အစားအစာတွေကို လိုတာထက်ပိုပြီး စားသုံးတဲ့အခါ ဒီလိုအက်စစ်ဓာတတ်တွေဟာ သွားကြားတွေထဲမှာ ကပ်ငြိနေပြီး အပေါ်ယံကြွေလွှာတွေကို ဖြည်းဖြည်းချင်း တိုက်စားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကြွေလွှာပါးတဲ့နေရာမှာ အပေါက်တွေဖြစ်လာပြီး အစာတွေထပ်ဝင်လို့ ဘက်တီးရီးယားပိုးတွေ ပွားလာရင်းကနေ သွားပိုးစားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၂။ နာတာရှည် ခံတွင်းခြောက်ခြင်း
ပုံမှန်အားဖြင့် ခံတွင်းစိုစွတ်နေဖို့ ခန္ဓာကိုယ်ကနေ တံတွေးကို ပုံမှန်ထုတ်လုပ်ပေးရပြီး ခံတွင်းစိုစွတ်နေမှပဲ ရောဂါပိုးတွေက ခန္ဓာကိုယ်ထဲမဝင်ရောက်ဖို့ ကာကွယ်ပေးသလို ကိုယ်စားလိုက်တဲ့အစားအစာတွေကိုလည်း ကောင်းစွာ ကျေညက်နေစေပါတယ်။ ကျန်းမာရေးပြဿနာတွေကြောင့် ခန္ဓာကိုယ်ကနေ တံတွေးထုတ်လုပ်မှုနည်းလာတာနဲ့အမျှ ခံတွင်းခြောက်သွေ့လာပြီး ဒီခံတွင်းထဲမှာရှိတဲ့ အက်စစ်တွေက သွားတွေကို အလွယ်တကူ တိုက်စားသွားစေနိုင်ပါတယ်။
၃။ စားချင့်ရည် ပြန်ကန်တက်ခြင်း (GERD)
လေချဉ်တက်တာလို့လည်း အလွယ်တကူခေါ်လေ့ရှိတဲ့ ဒီကျန်းမာရေးပြဿနာကတော့ အစာအိမ်ရောဂါရှိသူတွေ အများစုမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစာအိမ်ထဲက အစာချေဖျက်ပေးတဲ့ စားချင့်ရည်တွေက အပေါ်ကို ပြန်ကန်တက်လာတဲ့အခါ ပြင်းထန်တဲ့အက်စစ်တွေက လည်ချောင်းနဲ့ ခံတွင်းထဲမှာ ကျန်ရစ်နေပြီး သွားကြွေလွှာကို အလွယ်တကူ တိုက်စားနိုင်စေပါတယ်။ ဒါကို သက်သာစေဖို့ GERD အတွက် ကုသမှုခံယူတာဖြစ်စေ၊ စားချင့်ရည် ပြန်ကန်တက်ပြီးတိုင်း သွားနဲ့ပလုတ်ကျင်းပြီး ရေများများသောက်ပေးဖို့တော့ လိုပါမယ်။
၄။ မျိုးရိုးလိုက်ခြင်း
တချို့တွေမှာ မိဘမျိုးရိုးက အပေါ်ယံကြွေလွှာပါးတဲ့ DNA က ကိုယ့်သားသမီးဆီကို အမွေဆက်ခံစေလိုက်ရင် မွေးလာတဲ့ကလေးမှာ ကြွေလွှာပါးနေတာမျိုး ဖြစ်တတ်ပါတယ်။
၅။ သွားကြိတ်ခြင်း
Bruxism လို့ခေါ်တဲ့ မလိုအပ်ဘဲ သွားကြိတ်တတ်သူတွေမှာ ဒီအမူအကျင့်ကြောင့် အပေါ်ယံသွားကြွေလွှာကို ပါးစေရုံသာမက သွားရဲ့ တည်ဆောက်ပုံကိုလည်း ထိခိုက်စေပြီး အလွယ်တကူ ဆွေးမြေ့သွားစေနိုင်ပါတယ်။ သွားမညီသူတွေမှာလည်း သွားရဲ့တည်ဆောက်ပုံအနေအထားကြောင့် သွားအချင်းချင်း ပွတ်တိုက်မှုကို မကြာခဏဖြစ်စေတဲ့အတွက် သွားကြွေလွှာ ပါးလာစေနိုင်ပါတယ်။
၆။ ခံတွင်းသန့်ရှင်းမှုမရှိခြင်း
သွားကို တစ်နေ့ ၂ ကြိမ် ပုံမှန်မတိုက်တာ၊ ခံတွင်းအနံ့ဆိုးအရမ်းထွက်တာ၊ သွားကျောက်၊ အရိအချွဲတွေ တက်နေတဲ့အခါမှာလည်း ခံတွင်းထဲ ဘက်တီးရီးယားပေါက်ဖွားမှု များလာပြီး အပေါ်ယံကြွေလွှာကို ဖြည်းဖြည်းချင်း တိုက်စားလိုက်နိုင်ပါတယ်။
၇။ အသက်ကြီးလာခြင်း
ဒါကတော့ ရှောင်လွဲမရနိုင်တဲ့ သဘာဝဆိုင်ရာ အကြောင်းတရားဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အာဟာရစုံလင်စွာ စားပေးတာ၊ ခံတွင်းသန့်ရှင်းရေး သေချာလုပ်တာ၊ Vitamin D ဓာတ် အလုံအလောက်ရရှိထားတာမျိုးနဲ့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
၈။ အာဟာရချို့တဲ့ခြင်း
လိုအပ်တဲ့အာဟာရဓာတ်တွေ အလုံအလောက်မရတဲ့အခါ ခန္ဓာကိုယ်နဲ့ ကိုယ်ခံအားစနစ်ကိုသာမက ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တချို့တွေလို စားသောက်ပုံစံမမှန်တဲ့ ပြဿနာရှိသူတွေမှာလည်း ခံတွင်းပြဿနာ ပိုမိုဖြစ်လွယ်ပါတယ်။
ရဲမျိုးမြတ်